ထရမ့်အစိုးရအဖွဲ့သည် တနင်္လာနေ့တွင် အမေရိကန်ပြည်ထောင်စုရှိ မြန်မာနိုင်ငံသားများအတွက် ခိုလှုံခွင့် အပါအဝင် ယာယီအကာအကွယ်ပေးထားသည့်တရားဝင်အခြေအနေ(TPS) ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာတို့ ဘေးကင်းစွာ ပြန်နိုင်ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာန(DHS) ကအခိုင်အမာဆိုပြီး၊ မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲများကို မြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်လာမှု အထောက်အထားအဖြစ် ကိုးကားခဲ့သည်။
အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန် ပြည်ထဲရေးဝန်ကြီး Kristi Noem က အမေရိကန်အစိုးရ အေဂျင်စီများနှင့် ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံအတွက် ယာယီကာကွယ်ပေးထားသည့် အခြေအနေ(TPS) သတ်မှတ်ချက်ကို ဆက်လက်ထားရှိရန် မလိုအပ်တော့ကြောင်း ကောက်ချက်ချခဲ့သည်ဟု ဖော်ပြထားသည်။ ယင်း ရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်မည်ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မြန်မာနိုင်ငံသားတွေ အိမ်ပြန်ဖို့အတွက် လုံလောက်အောင် တိုးတက်လာပြီဖြစ်လို့ ယာယီကာကွယ်ပေးထားသည့် အခြေအနေကို ရပ်စဲလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အုပ်ချုပ်ရေးနှင့် တည်ငြိမ်မှုတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပြီး၊ ၎င်းတို့တွင် အရေးပေါ်အခြေအနေ ပြီးဆုံးခြင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများအတွက် စီမံကိန်းများ၊ အောင်မြင်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ၊ နှင့် ဒေသန္တရအုပ်ချုပ်ရေး တိုးတက်လာမှုတို့ ပါဝင်ပြီး၊ ယင်းသည် ပြည်သူ့ဝန်ဆောင်မှု ပေးအပ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။”ဟုလည်း Kristi Noem ကကြေညာချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွက် TPS အခြေအနေအား ထရမ့်မတိုင်မီက ဒီမိုကရက်တစ်ပါတီမှ သမ္မတဖြစ်သူ ဂျိုးဘိုင်ဒန် အစိုးရလက်ထက်တွင် ၁၈ လတာကာလအတွက် သက်တမ်းတိုးခဲ့ပြီး ယင်းသက်တမ်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့၌ ပြီးဆုံးမည်ဖြစ်သည်။
ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတထရမ့်သည် ဇန်နဝါရီလတွင် ရာထူးစတင်ယူခဲ့ပြီးနောက် သူ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိန်းချုပ်မှုများ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအများအပြားမှ နိုင်ငံသားများအတွက် TPS ကို ရုပ်သိမ်းခဲ့သည်။
