မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများအနေဖြင့် လူမှုရေးတာဝန်ဝတ္တရားများကို တက်ကြွစွာဆောင်ရွက်ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းအားပံ့ပိုးကူညီကြရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ သံအမတ်ကြီး Ms. Ma Jia ကမှာကြားသည်။
၎င်းမှ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၌ကျင်းပသည့် CITIC Myanmar ၏ မြန်မာနိုင်ငံတွင် ပရဟိတလုပ်ငန်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်ဖလှယ်ရေးအခမ်းအနားတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှုမဟာဗျူဟာကို ခိုင်မာစွာလိုက်နာပြီး ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုကိုမျှဝေသွားမည်ဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများအနေဖြင့် လူမှုရေးတာဝန်ဝတ္တရားများကိုတက်ကြွစွာဆောင်ရွက်ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းအား ပံ့ပိုးကူညီကြရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက် အဝန်း အခန်းကဏ္ဍအသစ်ကို ပူးတွဲသီကုံးရေးဖွဲ့ကြရန် ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှလည်း တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအနေဖြင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်မျှော်လင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုသည် ကျောက်တုံးပမာတည်တံ့ခိုင်မြဲမည်ကို ခိုင်မာစွာယုံကြည်သည်ဟု ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်း၊ CITIC Myanmar ၏ အထွေထွေမန်နေဂျာ Piao Bo တို့တက်ရောက်ခဲ့ကြသည်။
