မြန်မာနိုင်ငံအနေဖြင့် ကာတာနိုင်ငံ၊ ယူအေအီးနိုင်ငံတို့နှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်ရန် ဆော်ဒီအာရေဗျ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ရီရတ်ဒ်မြို့အခြေစိုက် ကာတာနိုင်ငံသံရုံးယာယီတာဝန်ခံနှင့် ယူအေအီး နိုင်ငံသံရုံးယာယီတာဝန်ခံတို့အား သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာသံ အမတ်ကြီးသည် ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Mohammed bin Khalid Al-Qahfani နှင့် ဩဂုတ်လ (၁၇) ရက် နံနက် (၁၁) နာရီတွင်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု၊မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံကြား သံတမန်ဆက်ဆံမှု တိုးမြှင့်ရေး၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယူအေအီးနိုင်ငံသံရုံးယာယီတာဝန်ခံ Ms. Maryam Nasser Almheiri နှင့်လည်း မွန်းတည့် (၁၂) နာရီခွဲတွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ ယူအေအီး နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားအလုပ်သမားများအား ယူအေအီး နိုင်ငံ၏ ဥပဒေနှင့်အညီစောင့်ရှောက်ကာကွယ်မှုပေးနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ယူအေအီး နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။