မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကောင်းမွန်သောအနာဂတ်ကို ဦးတည်သွားနေသည့်ကာလဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုပြုရန် အကောင်းဆုံးအချိန်ဖြစ်ဟုဆို
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိသည့်အတွက် လာရောက်ရင်းနှီးမှုပြုလုပ်ရန် တရုတ်နိုင်ငံကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ဖိတ်ခေါ်ခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်က ပေကျင်းမြို့တွင် ကျင်းပသည့် မြန်မာ-တရုတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မိန့်ခွန်းပြောကြားစဉ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိပြီး ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများနှင့် အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ကျောက်မျက်လုပ်ငန်းများ စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် ဒုတိယမြောက်နေရာတွင် ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဇူလိုင်လအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တန်ဖိုးမြင့် သစ်အခြေခံထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးတင်ပို့ နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
ထို့ပြင် မန္တလေးငလျင်ကြီးပြီးနောက် အခြေခံအဆောက်အအုံကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆောက်လုပ်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် စီးပွားရေး-လူမှုရေး ဖွံ့ဖြိုးတိုးတက်လာစေရေး အားယူနေသည့်အချိန်ဖြစ်ပြီး ကောင်းမွန်သောအနာဂတ်ကို ဦးတည်သွားနေသည့်ကာလဖြစ်သည့်အတွက် ယခုကာလသည် ရင်းနှီးမြှုပ်နှံမှုပြုဖို့ အကောင်းဆုံးအချိန် ဖြစ်ကြောင်း၊ မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့်လည်း အဆွေတော်တို့ကို အကောင်းဆုံးပံ့ပိုးပေးရန် အမြဲအသင့်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါဖိုရမ်သို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် (၁၂၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
