နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် အမျိုးသားပြတိုက်တို့တွင်ကျင်းပလျက်ရှိသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့မှ ယနေ့ အောက်တိုဘာ ၁၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
ယာယီသမ္မတနှင့် ဇနီးတို့သည် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပလျက်ရှိသည့် အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားအိုးစည်အတီးပြိုင်ပွဲနှင့် အမျိုးသားဒိုးပတ်ပြိုင်ပွဲတို့တွင် တိုင်းနှင့် ပြည်နယ်အလိုက်ပြိုင်ပွဲဝင်အဖွဲ့များက လှပသေသပ်လှသည့် တီးလုံးတီးကွက်များ၊ ကပြသီဆိုမှုများဖြင့် မြူးကြွမြိုင်ဆိုင်စွာ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးခဲ့သည်။
ထို့ပြင် အမျိုးသားပြတိုက်တွင် ကျင်းပလျက်ရှိသည့် အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)အမျိုးသမီးစောင်းတီးပြိုင်ပွဲ၌ တိုင်းနှင့် ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များက လျှပ်ပန်းခွေနွဲ့(ယိုးဒ ယား)သီချင်းဖြင့် တီးခတ်ယှဉ်ပြိုင်နေမှုကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။ာ
ထို့အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပလျက်ရှိသည့် အဆင့်မြင့် ပညာအဆင့်(အမျိုးသမီး)စန္ဒရားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက မနက်ဖြန်(သို့မဟုတ်)ဘယ်သောအခါ (ကာလပေါ်)သီချင်းဖြင့် တီးခတ်ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးခဲ့ကြသည်။
ယှဉ်ပြိုင်မှုများအပြီးတွင် ယာယီသမ္မတနှင့်ဇနီး တို့မှ ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
