ယနေ့နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၏ ဈာပနကို ရန်ကုန်မြို့ ၊ ရေဝေးသုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်သည် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီ ၅၅ မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဆရာကြီးကို အဖ မြန်မာ တိုင်းရင်း သမားတော်ကြီး ဦးဓန၊ အမိ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် မွေးဖွားခဲ့သည်။
မြန်မာစာ အဖြေကျော် (ဆရာတင်မိုးနှင့်) ၁၉၅၈၊ဘဝကြေးမုံ စာကြေးမုံ (စာဆိုတို့၏ ဘဝနှင့်စာပေ) ၁၉၅၉၊ ဂုဏ်ထူး စာစီစာကုံးများ ၁၉၆၂၊ ညောင်းရွက်ကယ်တည့် ကလေဟန် (လုံးချင်းဝတ္ထု) (ဆရာမင်းဏီနှင့်) ၁၉၆၃၊ တော်ဝင်စာမွန် (ဦးသန်းထွန်းနှင့်) (The Royal Essays) ၁၉၆၄၊ စာယဉ်စာစီစာကုံးများ ၁၉၆၄၊ လမ်းသစ်စာစီစာကုံးများ ၁၉၆၄၊ လူရည်ချွန် စာစီစာကုံးများနှင့် နှစ်စဉ်ထုတ် အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်း၊ သင်ရိုးကုန် စာအုပ်များ၊ အထူးထုတ်များ ၁၉၆၄၊ မြန်မာစာပေ အထွေထွေ ၁၉၆၅၊ ဂုဏ်ထူးသတ်ပုံကျမ်း ၁၉၆၆၊ ကဗျာပန်းမြိုင် ၁၉၆၆၊ ဆရာလွတ် မြန်မာစာစီစာကုံး ၁၉၆၇၊ မြန်မာ့ဇာတ်သဘင်သမိုင်း (၁၉၆၃ ခုနှစ်၊ အနုပညာစာပေ တတိယဆု) ၁၉၆၈၊ မြန်မာ့ရုပ်စုံသဘင် (အမျိုးသား စာပေဒုတိယဆု) ၁၉၆၈၊ ဆရာလွတ် မြန်မာစာစီစာကုံး ၁၉၆၈၊ မြန်မာစာဋီကာ ၁၉၆၈၊ မြန်မာ စာစီစာကုံးများ ၁၉၉၂၊ပန်းစံပယ် စာစီစာကုံးများ ၂၀၀၂၊ ရွှေဒေါင်းတောင် စာစီစာကုံးများ ၂၀၀၃၊ ရွှေပြည်တန် စာစီစာကုံးများ ၂၀၀၃နှင့် ဂုဏ်ထူးမော်ကွန်း၊ ရွှေရတု စာစီစာကုံးများ ၂၀၀၆ ထုတ်ဝေခဲ့သည်။
