မြန်မာ-ဂျပန်စင်တာ (MJC) သည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် JICA မှ ပံ့ပိုးကူညီပေးသည့် ပရောဂျက် များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး UMFCCI ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ထားခြင်း ဖြစ်ခါ MJC တည်ထောင်ထားသည်မှာ (၁၀) နှစ် သက်တမ်းရှိပြီဖြစ်သည်။
MJC မှ စီပွားရေးဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီးMJC Project သည် မတ်လ (၃၁) ရက်နေ့တွင် သက်တမ်းပြည့်ပြီဖြစ်သော်လည်း နှစ်ဖက်သဘောတူညီမှုဖြင့် (၃) နှစ်ထပ်မံသက်တမ်းတိုး၍ လာမည့် (၃) နှစ်အတွင်း မြန်မာလူငယ်များအတွက် Young Leader Program များကို ဦးစားပေး ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA မြန်မာရုံး မှ ကိုယ်စားလှယ် Mr. ONO Shotaro ၊ မြန်မာ-ဂျပန်စင်တာ (Myanmar-Japan Center MJC) မှ ဝါရင့်အကြံပေး Mr. Kunihiro YAMAUCHI နှင့်တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဆက်လက်ပူးပေါင်းရန်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက MJC နှင့် UMFCCI တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့် ရရှိခဲ့သည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်သလို ရှေ့ဆက်ပြီးလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ အသင်းချုပ်ဖက်မှ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ ဒေါက်တာ ဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ ဒေါ်သူဇာဝင်း၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေးတို့ တက်ရောက်ခဲ့ကြသည်။

