ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ၊ မက်ထရို မနီလာပါစေးမြို့တွင် အောက်တိုဘာ (၁)ရက်မှ (၃) ရက်အထိကျင်းပခဲ့သည့် (၄၇)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံ၊ တီမောလက်စတေနိုင်ငံ၊ အပေါင်း(၃)နိုင်ငံများဖြစ်သည့် တ ရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ စသည့်လုပ်ငန်းစဉ် (၁၆) ခုကို လက်ခံ အတည်ပြုနိုင်ခဲ့ပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်င န်းအစီအစဉ် (၂၀၂၆-၂၀၃၀) ကိုလည်း အပြီးသတ်ဆွေး နွေးခဲ့ပြီးဖြစ်သည့်အတွက် ဤအစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်းနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် အစည်းအဝေးတွင် အာဆီယံစားရေရိက္ခာ၊ စိုက် ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒမူဘောင်အရ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၄၅ ခုနှစ်ဆီသို့ မျှော်မှန်းသည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဆီယံမူဘောင်၊ အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၂၆ -၂၀၃၀၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူတကွ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးခဲ့ကြပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကတိကဝတ်ပြုခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ် တောကဏ္ဍဆိုင်ရာ လုပ်ငန်းရပ် (၂၃) ခု အား အတည်ပြု၍ (၈)ခုအား မှတ်တမ်းတင်ခဲ့ပြီး (၄၇)ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
