ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Polytechnic University (မြစ်ကြီးနား) ကို ဖွင့်လှစ်ရန်ပြင်ဆင်နေပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အစိုးရက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တိုက်တွန်းပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်နေ့တွင်မြစ်ကြီးနားမြို့၌ Polytechnic ကျောင်း ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) သို့ ရောက်ရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် Polytechnic University (မြစ်ကြီးနား) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အစိုးရက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆရာ၊ဆရာမများအနေဖြင့်လည်း အရည်အချင်းပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်နိုင်ရေးအတွက် စနစ်တကျ သင်ကြားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြစ်ကြီးနားမြို့အတွက် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများ တက်ရောက်နိုင်သည့် Level 4 သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက်ကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား) သို့ ရောက်ရှိပြီး သက်ဆိုင်ရာကျောင်းရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆရာ၊ ဆရာမများအနေဖြင့် ပြည်နယ်အတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းကိစ္စများအပါအဝင် ကျောင်းသား၊ကျောင်းသူများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။
