ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်သည့် သီဟရာဇာအလိုတော်ပြည့်ဘုရား၏ ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးများက ရွှေထီးတော်ကို ပင့်ဆောင်တင်လှူခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ငှက်မြတ်နားတော်ကို တင်လှူပူဇော်ခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရတနာစိန်ဖူးတော်ကို တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း ငါးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဘက်စုံသာသနာပြုလုပ်ငန်းများအား မှတ်တမ်းတင်ထားသော ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နှစ်ထပ်ဆွမ်းစားဆောင် ဆောက်လုပ်ရေးအတွက် အလှူရှင်များက ကျပ်သိန်း ၅,၀၀၀ လှူဒါန်းခဲ့ကြပြီး ပေ ၁၀၀ × ၂၀၀ အရွယ် သာသနာ့ဗိမ္မာန်တော်၏ အမိုးနှင့် မျက်နှာကျက်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် သုဓမ္မာဇရပ် ရေစက်ချအခမ်းအနားသို့ တက်ရောက်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
