တိုက်ပွဲကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူများကို မဲဆောက်မြို့တော်ဝန်ရုံးမှ တိုက်ရိုက်စီမံခန့်ခွဲကာ အကူအညီပေးသွားမည် ဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်ကူညီပေးနေသည့် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။
မြတီ – မဲဆောက် အမှတ်(၂) ချစ်ကြည်ရေး တံတားအောက်တွင် ခိုလုံနေသည့် ခလရ (၂၇၅) မှ တပ်ဖွဲ့ဝင်များကို ယနေ့ ဧပြီလ (၂၀) ရက် နံနက်အစောပိုင်းတွင် KNLA ၊PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာမှ မြဝတီမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဒေသခံ အရပ်သားပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နိုင်ရန် သောင်ရင်းမြစ်အားကူးပြီး မဲဆောက်ဘက်ခြမ်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
မဲဆောက် နယ်စပ်တလျှောက် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဘေးရှောင်များကို ဝင်ခွင့် ကန့်သတ်ထားသည့်အတွက် ထောင်နှင့်ချီသော ဒေသခံများ သောင်ရင်းမြစ်ကမ်းတွင် ပိတ်မိနေဆဲအခြေအနေလည်း ဖြစ်သည်။
ယနေ့ နံနက်အစောပိုင်းမှစတင်ကာ မြဝတီဒေသခံ (၂၀၀၀) နီးပါး မဲဆောက်ဘက်ခြမ်းသို့ သောင်ရင်းမြစ်အားကူးကာ ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား လုံခြုံသည့် ထိုင်းဘုန်းကြီးကျောင်းတစ်ခု၌ ယာယီစောင့်ရှောက်ထားကြောင်း မဲဆောက်ရှိ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် မြန်မာအသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင်များကို မဲဆောက် မြို့တော်ဝန်ရုံးမှ တိုက်ရိုက်စီမံခန့်ခွဲကာ ကူညီပေးသွားမည်ဖြစ်ပြီး အကူညီပေးလိုသူများအနေဖြင့် မြို့တော်ဝန်ရုံးတွင် သွားရောက်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ထိုင်းအစိုးရအနေဖြင့် မြဝတီတိုက်ပွဲအပေါ် အခြေအနေစောင့်ကြည့်နေပြီး ထွက်ပြေးတိမ်းရှောင်လာမည့် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ကို အကာအကွယ်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားပြီး ဖြစ်သည်။
လက်ရှိတွင် ထိုင်းစစ်တပ်က ဝင်ခွင့်မပေးသေးသည့်အတွက် စောင့်ဆိုင်းနေရသူများလည်း ရှိနေသေးပြီး မြို့ပေါ်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်လာပါက စစ်ဘေးရှောင်အရေအတွက် ပိုမို မြင့်တက်လာနိုင်ကြောင်း သိရသည်။
မြဝတီမြို့ပေါ်တွင် ကော့ကရိတ်နှင့် သင်္ဃန်းညီနောင်မြို့တို့ဘက်မှ စစ်ရှောင်လာသည့် စစ်ဘေးဒုက္ခသည်များလည်း ခိုလုံနေရသည့်အတွက် တိုက်ပွဲအချိန်ကြာလာပါက အခက်အခဲများ ပိုမိုကြုံတွေ့ရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိတွင် မြဝတီ မြို့ပေါ်ရပ်ကွက်အချို့၌ပါ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်ေ-သဆုံးမှုများ ၊ ထိခိုက်ဒဏ်ရာရမှုများ ရှိနေသည့်အပြင် နေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုများလည်း ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ – အင်တာနက်





