သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ဖြေရှင်းရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ဆွေးနွေး
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် ဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်ကို ဇွန် ၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်၊ တရုတ်နိုင်ငံ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် တက်ရောက်ခဲ့သည်။
ဖိုရမ်အတွင်း သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများ၊ ကောလာဟလများ၊ ပြုပြင်ဖန်တီးထားသည့် အကြောင်းအရာများ (Manipulated Content) နှင့် အွန်လိုင်းပေါ်ရှိ အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းအရာများ၊ အမုန်းစကားများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရရှိခဲ့သည့် အတွေ့အကြုံများကို ဖလှယ်ဆွေးနွေးခဲ့ကြပြီး လက်တွေ့ကျသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖိုရမ်သို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် အွန်လိုင်းပေါ်တွင် သြဇာလွှမ်းမိုးမှုရှိသူများ (Influencers) လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
