မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ မှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ စီမံကိန်း နှစ်ခုကို စတင်ဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀ ၂၆ ခုနှစ် ဩဂုတ်လအထိ (၂)နှစ်တာကာလအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း စီမံကိန်းနှစ်ခုမှာ “စိုက်ပျိုးရေး ကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ခြင်းစီမံကိန်း” နှင့် “အသေးစားလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်း စီမံကိန်း”တို့ ဖြစ်သည်။
ယင်းစီမံကိန်း(၂)ခုအနက် တစ်ခုဖြစ်သည့် “စိုက်ပျိုးရေး ကုန်ကြမ်းသီးနှံ အခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ခြင်းစီမံကိန်း” ဖြင့် တရုတ်နိုင်ငံမှ ပညာရှင်များ ဖိတ်ခေါ်ပြီး ဌာနရှိ နည်းပြများကို TဝT သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဌာနရှိ နည်းပြများက ကျေးလက်နှင့် မြို့ပြရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကို စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ MSME Business Plan Training နှင့် Food Safety Training သင်တန်းများပေးခြင်း၊ စီမံကိန်းစောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းများ ပြုလုပ်ခြင်း၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာစေရေးအတွက် လေ့လာရေးခရီးစေလွှတ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။