အိန္ဒိယနှင့် မဲခေါင်ဒေသခွဲ (၅) နိုင်ငံတို့ ပါဝင်သည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ(၁၂)ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး အလှည့်ကျ ပူးတွဲ ဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံမှ လွဲပြောင်းရယူခဲ့ကြောင်း သိရသည်။
အဆိုပါ မဲခေါင် – ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု (၁၂) ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ဇူလိုင် (၁၆) ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေး ကိုမာဆစ်တို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အမြန်လမ်း စီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အစီအစဉ်များအပေါ် အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ထို့အပြင် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အောက်ရှိ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များ၌ ဦးဆောင်နိုင်ငံထားရှိမည့်စနစ်ကို အကောင်အထည်ဖော်သွားရေးနှင့် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်သွားရေးတို့ကို သဘောတူညီခဲ့ကြပြီး (၁၂) ကြိမ်မြောက် မဲခေါင် – ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်တွင် စတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေး ဆောင်ရွက်မည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်သည်။
အဆိုပါ မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံ နှင့် မဲခေါင် ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကာ အိန္ဒိယနှင့် မဲခေါင်ဒေသခွဲ (၅) နိုင်ငံတို့မှ အလှည့်ကျ ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူ ဆောင်ရွက်ကြခြင်းလည်း ဖြစ်သည်။
(၁၂) ကြိမ်မြောက် မဲခေါင် – ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့မှ လူကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်းက ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။