ယူကရိန်းတို့က မော်စကိုဒေသရှိ အဆောက်အအုံများကို မောင်းသူမဲ့ ဒရုန်းလေယာဉ်(UAV)များဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း၊ မောင်းသူမဲ့လေယာဉ်နှစ်စင်းကို မိမိတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
“မော်စကိုဒေသကို မောင်းသူမဲ့လေယာဉ်များဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် ယူကရိန်းအစိုးရ၏ ကြိုးပမ်းမှုမှာ ညဘက်တွင် ပျက်ပြားသွားခဲ့သည်။ ဒရုန်းနှစ်စင်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ပစ်ချခဲ့သည်” ဟု ယင်း အစီရင်ခံစာက ဆိုသည်။
အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းမှုတွင် ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းကိုလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Domodedovo နှင့် Minskoye အဝေးပြေးလမ်းမကြီးအနီးရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များက မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergey Sobyanin ကလည်း သူ၏ Telegram ချယ်နယ်တွင် ဖော်ပြထားသည်။