ဌာနအဖွဲ့အစည်းများအနေဖြင့် မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှာ နောက်ကျပြီး အပ်နှံခြင်းမပြုလုပ်ဘဲ တတ်နိုင်သမျှ စောလျင်စွာ ပြန်လည်အပ်နှံရန် မှာကြားလိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ(၂၈)ရက်နေ့တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဌ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပိုလျှံငွေများကို စောလျင်စွာ ပြန်လည်အပ်နှံပြီးပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင့်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဌာနများကို ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့်အညီ အကျိုးရှိအောင် ပြန်လည်သုံးစွဲခွင့်ပြုနိုင်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ကပြောကြားခဲ့သည်။
၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊အဖွဲ့စည်းများ၏ ဖြည့်စွက်ခွင့်ပြုတောင်းခံမှုနှင့် ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ထပ်မံ ထောက်ပံ့ပေးရမည် ထောက်ပံ့ငွေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ အပေါ်တွင်လည်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က ဆွေးနွေးအတည်ပြုပေးနိုင်ရန်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်း အတည်ပြုပြီးပါက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့က တစ်ဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဆက်လက်ပေးပို့အတည်ပြုပြဌာန်းရမည်ဖြစ်ကြောင်း သိရသည်။
ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးစသည့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းများနှင့် ပြည်သူလူထုကိုတောင်းဆိုသည့်နေရာများကို အမြန်ဆုံး လုပ်ငန်းဖော်ဆောင်သွားကြရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးရှိရှိ စနစ်တကျသုံးစွဲသွားရန် ၊ မည်သည်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်ကျဖြစ်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရန်လည်း ယာယီသမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
