စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့် စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်လျှက်ရှိရာ (၅၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသ ည်။
ဆုတောင်းပြည့် စေတီတော်တွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်မှ စတင်၍ ဝါးငြမ်းများဆင်ပြီး ရွှေသင်္ကန်းကပ်လှုနေခြင်းဖြစ်ရာ လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ပြီးစီးရန်ဆောင်ရွက်နေကြကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
လတ်တလော ဒီဇင်ဘာလ(၁၆)ရက်က စေတီတော်ကြီး၏ ငှက်မြတ်နားတော်နှင့် ငှက်ပျောဖူးတော်တို့တွင် ပူဇော်ထားရှိသော အလှူရှင်များ လှူဒါန်းထားသည့် ရွှေစင်/ရွှေပြားများနှင့် ရွှေထည်ပစ္စည်းများကို ဂေါပကဥက္ကဋ္ဌဦးကျော်ဌေးနှင့် အဖွဲ့ဝင်များက ပြုပြင်မွန်းမံပူဇော်လျက်ရှိကြောင်း သိရသည်။
မုံရွာမြို့ ဆုတောင်းပြည့် စေတီတော် ထီးတော်ကြီးမှ စတင်၍ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက် ၊ နံနက် (၈)နာရီ (၃၀)မိနစ် အချိန်မှစတင်ဆော င်ရွက်ခဲ့ခြင်းဖြစ်ပြီး လုံးတော်ပြည့်ရွှေသင်္ကန်းကို ၂၀၂၅ ခုဒီဇင်ဘာလထဲ ပြီးအောင်ဆောင်ရွက်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့သော်လည်း လုပ်ငန်းအခြေအနေကြောင့် ရက်အနည်းငယ်နောက်ကျမှ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ (၁၇)ရက် နံနက်ပိုင်းက ထီးတော်ကြီး ရွှေသင်္ကန်းကပ်လှူပြီးစီးမှုကို ဂေါပက ဥက္ကဋ္ဌ ဦးကျော်ဌေး နှင့် တွဲဘ က်အတွင်းရေးမှုး ဦးတင်မျိုးလှိုင်၊ ဘဏ္ဍာတော်ထိမ်း ဦးကံဌေး၊ ရွှေမိုက်လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဦးမြခဲတို့ လိုက်ပါလျက်လုပ်ငန်းပြီးစီးမှု အခြေအနေများ လိုက်လံကြည့်ရှုပူဇော်ခဲ့ပြီး ထို့နေ့တွင်ထီးတော်ကြီး ရွှေချပြီးစီး၍ ဌက်မြတ်နားတော် (အသေး)ပေါ်တွင် ရွှေချနိုင်ရန် အတွက် အလှူရှင်များ လှူဒါန်းထားကြသော ရွှေထည်ပစ္စည်းများကို ဂေါပကအဖွဲ့က ဘဏ္ဍာတော်တိုက်အတွင်းသို့ ခေတ္တခဏ ဖြုတ်သိမ်းပူဇော်ခဲ့ကြကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၃၀)ရက် နံနက်က စေတီကြီး၏ ကြာလှန်၊ ရွဲလုံး၊ ကြာမှောက်၊ ဖေါင်းကိုးလုံးတို့အား ရွှေချလုပ်ငန်း ပြီးစီးမှုအခြေအနေကို ဂေါပကဥက္ကဋ္ဌကြီးဦးကျော်ဌေးနှင့် အဖွဲ့ဝင်များ ကြည့်ရှုပူဇော်ခဲ့ကြကြောင်း သိရသည်။
