မုံရွာမြို့တွင် မုံရွာစောင်(ခ)ဘာဘူစောင် ရက်လုပ်သည့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူမရှိသလောက် ရှားပါးသွားပြီဖြစ် ကြောင်း မုံရွာမြို့ စောင်လုပ်ငန်းလုပ်ကိုင်ခဲ့သူများထံမှ သိရသည်။
မုံရွာ စက်မှုဇုန်တွင် ယခင်က စောင်ချည်မျှင်လုပ်ငန်း (၁၇၀) ခန့်ရှိခဲ့ရာမှ ယခုအခါ (၁၀)စက်ခန့်သာ လည်ပတ်တော့သလို ယခင်က (၂၀၀)ခန့်ရှိသော ဂွမ်းဖတ်စက်များသည် ယခုတွင် (၅၀) ခန့်သာကျန်ရှိတော့ကြောင်း သိရသည်။
“မုံရွာစောင်လုပ်တဲ့ ဦးရေနည်းသွားပြီ။ ခတ်တဲ့အလုပ်သမားလည်း တော်တော်နည်းသွားပြီ။ ခတ်တဲ့အလုပ်သမားတွေက အိုက်ဇောလုံချည်ကွင်းတွေပဲ ခတ်ချင်ကြတော့တာ။ စောင်ကို မခတ်ချင်ကြတော့ဘူး။ လုပ်အားခ၊ ခတ်ခနှုန်းထားလည်းကွာတယ်။ လူသက်သာတာနဲ့ ပင်ပန်းတာလည်းကွာလို့ပါ”ဟု ရိုးရာဝတ်စုံ(အိုက်ဇောထည်)လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
မုံရွာစောင်လုပ်ငန်းကို နှစ်ပေါင်း (၅၀)ကျော်ကြာ ပြည်တွင်းဒေသအသီးသီးသို့ အားအင်အပြည့်ဖြင့် ဖြန့်ချိနိုင်ခဲ့သော် လည်း နောက်ပိုင်းတွင် တရုတ်စောင်များ စျေးကွက်အတွင်း တဖြည်းဖြည်း ဝင်ရောက်လာသည့်အတွက် စောင်လုပ်ငန်းမှာ ရပ်နားထားရမည့် အခြေအနေထိ ဖြစ်လာရကြောင်း သိရသည်။
“မုံရွာစောင်သုံးဖူးတဲ့ သူအနေနဲ့ အစားထိုးဝင်လာတဲ့ စောင်တွေနဲ့ယှဥ်ရင် မုံရွာစောင် အရည်အသွေးကမြင့်တယ်။ လက် ရှိကျန်နေတဲ့ မုံရွာစောင်ထုတ်သူတွေအနေနဲ့ သူ့ဖောက်သည်နဲ့သူ ပို့နေရတာပါဘဲ။ အရင်ကလူတွေက မုံရွာစောင်ကောင်းကြောင်း သုံးဖူးတော့ သိကြတယ်။ တရုတ်စောင်တွေက ရာသီဥတု ပူတာတွေရှိတော့ သုံးရတဲ့ နေရာကွာပါတယ်။ မုံရွာစောင်က နည်းပညာနိမ့်တော့ ဆွဲဆောင်မှုအားနည်းတာပေါ့။ အရည်အသွေးကတော့ မညံ့ပါဘူး”ဟု မုံရွာစက်မှုဇုန်မှ ဂွမ်းဖတ်စက်ပိုင် ဦးမြင့်ဝင်းက ပြောသည်။
မုံရွာစောင်လုပ်ငန်းရှင်များအနေဖြင့် ယခင်က စက်ရုံတစ်ရုံလျှင် တစ်နှစ်အတွင်း စောင်အရေအတွက် (၃)သိန်းနှင့် (၅) သိန်းကြား ထုတ်လုပ်နိုင်ခဲ့ကြသော်လည်း လက်ရှိတွင် အထည်ရေ တစ်သိန်းခန့်သာ ထုတ်လုပ်နိုင်တော့ကြောင်း သိရသည်။
