စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်တွင် မွေးဖွားခါနီးကိုယ်ဝန်ဆောင်သည်အားသတ်ဖြတ်၍ ဖုန်း (၂) လုံးနှင့် ကလစ်ဆိုင်ကယ်တို့အား ဓားပြတိုက်ယူဆောင်သွားသည့် လူသတ်ဓါးပြတိုက်မှု ယမန်နေ့ သြဂုတ် (၁၀) ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ (၃) နာရီခန့်က အမည်မသိ အမျိုးသား ၆ယောက်အုပ်စု(အချို့ကလက်နက်ငယ်ပါ) သည် မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ ရောက်ရှိလာကာ ဆိုင်ကယ်ယူပြီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူထံမှ ဖုန်းကိုလုယူရာ မပေးဘဲပြန်လုသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ခေါင်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်ခဲ့စဉ် နေအိမ်အတွင်းရှိ အမျိုးသမီးကြီး ဒေါ်တင်တင်မြတ်က ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်းခံခဲ့သဖြင့် ၎င်းကိုပါ ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ဦးခေါင်းအားသေနတ်ဖြင့်အပစ်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူမှာ အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အော်ဟစ်အကူညီတောင်းခံခဲ့သည့် ဒေါ်တင်တင်မြတ်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများသည် ယင်းကဲ့သို့ ပစ်ခတ်ပြီးနောက် နေအိမ်အတွင်းရှိ ဖုန်း (၂)လုံးနှင့် ကလစ်ဆိုင်ကယ်တို့အား ဓားပြတိုက်ယူဆောင်ကာ လယ်ဇင်ကျေးရွာဖက် သို့ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
“အတော်ဆိုးရွားတဲ့ဖြစ်စဥ်ပါ။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ကို သတ်ဖြတ်သွားတာက လူမဆန်တဲ့လုပ်ရပ်ပါ။ နယ်မြေမှာတော့ တနေ့တမျိုးမရိုးရဘူး။ လက်နက်ကိုင်အကြမ်းဖက်အုပ်စုတွေများတော့ တချို့ဓါးပြတွေလည်း ထလို့ကောင်းနေတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဒဏ်ရာရရှိသူ ဒေါ်တင်တင်မြတ်အား ဆေးရုံသို့ ပို့ဆောင်တင်ထားကြောင်း သိရသည်။
အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။