စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသူများကို ဒီဇင်ဘာလ (၁၉) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က အဟာရဖြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဆေးရုံအုပ်ကြီးတို့က ဆေးကုသမှုခံယူနေကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဟာရဖြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်ခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဆေးကုသမှုခံယူနေကြသည့် လူနာများ၏ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်ကြီးများက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့သည် မုံရွာပြည်သူ့ဆေးရုံကြီးသို့ မလာခင် မုံရွာမြို့၊ မဟာဇောတိကာရာမ ကျောင်းတိုက်ကြီးသို့ သွားရောက်ကာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းလည်း သိရသည်။
