ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့်အဖွဲ့သည် မုံရွာ(ညောင်ပင်ကြီး) – ပုလဲ – ဂန့်ဂေါ – ဟားခါးလမ်း (၃၁၃.၄၆၀ ကီလိုမီတာ မှ ၃၁၃.၅၈၀ ကီလိုမီတာ)ကြား အလျား ၁၂၀ မီတာ၊ ပျမ်းမျှအကျယ် ၆.၂ မီတာရရန် လမ်းတာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
လုပ်ငန်းခွင်၌ အဆိုပါလမ်းပိုင်း တာဝန်ခံအင်ဂျင်နီယာမှ လက်ရှိလမ်းတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ဆောင်ရွက်မည့် လျာထားချက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ လမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး(မြို့ပြ)ရုံး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
