အမေရိက အရှေ့တောင်ပိုင်းနှင့် ဖလော်ရီဒါပြည်နယ်တို့ကို သောကြာနေ့က ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် အပျက်အစီးကြီးမားခဲ့ပြီး ေ-သဆုံးသူ ၄၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။ သစ်ပင်များ ကျိုးကျခဲ့ပြီး နေအိမ်များစွာ ပျက်စီးခဲ့ကာ ရေမြုပ်ဧရိယာများရှိ လူများကို ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားများက အပူတပြင်းဆောင်ရွက်နေခဲ့ကြသည်။
ေ-သဆုံးသူများထဲတွင် မီးသတ်သမား သုံးဦး၊ အမျိုးသမီးတစ်ဦးနှင့် သူ၏ တစ်လသားအရွယ် အမြွာနှစ်ဦး၊ နေအိမ်ပေါ် သစ်ပင်လဲကျမှုကြောင့် အသက် ၈၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတို့လည်း ပါဝင်ခဲ့သည်။ ေ-သဆုံးမှုများသည် ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနားနှင့် ဗာဂျီးနီးယားပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည်ဟု အေပီက ဖော်ပြသည်။
အဆင့် ၄ ဟာရီကိန်းကြောင့် ဂျော်ဂျီယာတောင်ပိုင်းရှိ ဆေးရုံအချို့ ၌ လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပြီး အာဏာပိုင်များက အပျက်အစီးများကို ရှင်းလင်းရန်နှင့် လမ်းများပြန်ပွင့်စေရန် လွှစက်များကို အသုံးပြု ကာ ဆောင်ရွက်နေသည်ဟု အုပ်ချုပ်ရေးမှူး ဘရိန်းကမ့်က ပြောဆိုသည်။
မုန်တိုင်းသည် တံငါကျေးရွာများတည်ရှိရာ ဖလော်ရီဒါပြည်နယ်၏ လူနေကျဲပါးသော Big Bend ကျေးလက်ဧရိယာသို့ ကြာသပတေးနေ့အနှောင်းပိုင်းတွင် လေတိုက်နှုန်း တစ်နာရီ ၁၄၀ မိုင်ဖြင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၅ ဘီလျံမှ ၂၆ ဘီလျံအထိ ရှိနိုင်သည်ဟု Moody’s Analytics က ခန့်မှန်းသည်။
ပျက်စီးထိခိုက်မှုများသည် တင်နက်စီပြည်နယ် အရှေ့မြောက်ပိုင်းအထိ မိုင်ရာနှင့်ချီ၍ ကျယ်ပြောခဲ့ပြီး ယင်းပြည်နယ်တွင် အဆောက်အအုံများအတွင်း သို့ ရေများတရှိန်ထိုးဝင်ရောက်ခဲ့၍ Unicoi ကောင်တီဆေးရုံအမိုးပေါ်သို့ လူ ၅၄ ဦးကို ရွှေ့ပြောင်းပေးခဲ့ရပြီးနောက် ရဟတ်ယာဉ်ဖြင့် အန္တရာယ်များသော ကယ်ဆယ်ရေးအစီအစဉ် ဆောင်ရွက်ခဲ့ရသည်။ သောကြာနေ့အနှောင်းပိုင်းအချိန်တွင် ဆေးရုံရှိ လူအားလုံးကို ကယ်ဆယ်ပေးနိုင်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မြောက်ကာရိုလိုင်းနားရှိ ရေကာတာနှစ်ခုတွင် ရေမြင့်တက်မှုကြောင့် အဆောက်အအုံပိုင်းတွင် ပျက်စီးယိုယွင်းမှုဖြစ်နိုင်သည်ဟူသော သတင်းများထွက်လာပြီးနောက် ရေကာတာများအောက်ပိုင်းရှိ ဒေသခံများကို အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းမှုလုပ်ရန် ညွှန်ကြားခဲ့သည်။
မြောက်ကာရိုလိုင်းနားပြည်နယ် Newport မြို့မှ ပြည်နယ်မျဉ်းကိုဖြတ်၍ တည်ရှိသော တင်နက်စီပြည်နယ်ရှိ Waterville ရေကာတာတွင်လည်း အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး လူဦးရေ ၇,၀၀၀ ခန့်နေထိုင်ရာ Newport မြို့ခံများကို နေရပ်မှထွက်ခွာရန် သောကြာနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားခဲ့သည်။
ဟယ်လင်သည် နောက်ပိုင်းတွင် အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းအဖြစ်သို့ အဆင့်လျော့ကျသွားခဲ့သော်လည်း မြောက်ပိုင်းဒေသကို ဝင်ရောက်မွှေနှောက်နေဆဲဖြစ်သောကြောင့် အသက်အန္တရာယ်ရှိ နိုင်သေးသည်ဟု ဆိုသည်။
Ref: အေပီ၊ အင်ဒီပန်းဒန့်တ်