ဒီဇင်ဘာ ၂၇
လေကြောင်းခရီးစဉ်များကို စောင့်ကြည့်သည့် ဖလိုက်အဝဲဝက်ဘ်ဆိုက်၏ အဆိုအရ အားလပ်ရက်ခရီးသွားလာမှု အများဆုံးအချိန်တွင် ဆောင်းရာသီမုန်တိုင်း ဒေဗင်ကြောင့် ယခု ရက်သတ္တပတ် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စုရှိ လေကြောင်းလိုင်းများသည် လေကြောင်းခရီးစဉ်ပေါင်း ထောင်ချီ၍ ဖျ-က်သိမ်းခြင်း သို့မဟုတ် ကြန့်ကြာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
သောကြာနေ့မွန်းလွဲပိုင်းအထိ စုစုပေါင်း လေကြောင်းခရီးစဉ် ၁,၃၈၂ ခု ဖျက်သိမ်းခဲ့ရပြီး ၄,၆၈၅ ခု ကြန့်ကြာခဲ့ကြောင်း အဆိုပါဝက်ဘ်ဆိုက်က ဖော်ပြထားပါသည်။ နိုင်ငံတော် မိုးလေဝသဌာနက ဂရိတ်လိခ်စ်အထက်ပိုင်းဒေသတစ်ခွင်တွင် တစ်နေ့လုံး နှင်းကျနိုင်ကြောင်း ခန့်မှန်းထားပြီး မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ဖော်ပြထားပါသည်။ “အားလပ်ရက်အပြီး ပြန်လာကြမယ့် ခရီးသွားတွေအတွက် လမ်းခရီးအခြေအနေဟာ အလွန်အန္တရာယ်များနိုင်ပါတယ်” ဟု မိုးလေဝသဌာနက သတိပေးထားပါသည်။ ထို့အပြင် ကလီဖိုးနီးယားတောင်ပိုင်းတွင် ရုတ်တရက်ရေကြီးနိုင်သည့် အန္တရာယ်အနည်းငယ်ရှိနေသကဲ့သို့ ကမ်းရိုးတန်းအနီးတွင် လေပြင်းတို-က်ခတ်ခြင်းနှင့် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်းလည်း အချက်ပေးထားပါသည်။
နူးယော့ခ်မြို့တော်ဝန် အဲရစ် အဒမ်စ်က ဆောင်းရာသီမုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပြီး လမ်းပေါ်ရှိ နှင်းများကို ဖယ်ရှားရန် မြို့စည်ပင်အဖွဲ့များကို ဖြန့်ကြက်ချထားကြောင်း ပြောကြားခဲ့သည်။ နူးယော့ခ်ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်၊ နျူဝါ့ခ် လစ်ဘတ်တီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် လာဂွါးဒီယာ လေဆိပ်တို့တွင်လည်း ခရီးစဉ်များ ကြန့်ကြာခြင်း သို့မဟုတ် ဖျ-က်သိမ်းခြင်းများရှိနိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ခရီးသွားများကို သတိပေးထားကြသည်။
ဖလိုက်အဝဲ၏ အဆိုအရ လေကြောင်းခရီးစဉ် ဖျ-က်သိမ်းမှုနှင့် ကြန့်ကြာမှုများ၏ ထက်ဝက်ကျော်မှာ အဆိုပါ လေဆိပ် (၃) ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေကြောင်းခရီးစဉ် ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှု အခြေအနေများကို ခြေရာခံပြသသည့် ဖလိုက်အဝဲ ၏ ” မစ်ဇရီ မက်ပ်” (စီးပွားရေး၊ အလုပ်လက်မဲ့ဖြစ်မှု စသည်တို့ကို နှိုင်းယှဉ်ပြသည့်မြေပုံ) အဆင့်သတ်မှတ်ချက်တွင် နူးယော့ခ်နှင့် ရှီကာဂိုရှိ လေဆိပ်များသည် ထိပ်ဆုံး၌ ရှိနေပေသည်။
နူးယော့ခ်မြို့ရှိ လေဆိပ်များတွင် လေကြောင်းခရီးစဉ် ၇၈၅ ခုအထိ ဖျ-က်သိမ်းခဲ့ရကြောင်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ လေကြောင်းလိုင်းများအနက် ဂျက်ဘလူးလေကြောင်းလိုင်းက ခရီးစဉ် ၂၂၅ ခု ဖျ-က်သိမ်းခဲ့ပြီး အများဆုံးဖြစ်ကာ၊ ၎င်း၏နောက်တွင် ဒယ်တာလေကြောင်းလိုင်းက ၂၁၂ ခု ဖြင့် ကပ်လျက်ရှိနေပါသည်။ ရီပတ်ပလစ်လေကြောင်းလိုင်းက ၁၅၇ ခု၊ အမေရိကန်လေကြောင်းလိုင်းက ၁၄၆ ခုနှင့် ယူနိုက်တက်လေကြောင်းလိုင်း က ၉၇ ခု အသီးသီးဖျ-က်သိမ်းခဲ့ကြရပါသည်။ ခရီးစဉ်အပြောင်းအလဲဖြစ်နိုင်သည့် ခရီးသည်များအတွက် ခရီးစဉ်ပြန်လည်ကြိုတင်မှာယူရာတွင် အပိုဆောင်းဝန်ဆောင်ခများကို ကင်းလွတ်ခွင့်ပေးထားကြောင်း အမေရိကန်လေကြောင်းလိုင်း၊ ယူနိုက်တက်လေကြောင်းလိုင်းနှင့် ဂျက်ဘလူးတို့မှ ကိုယ်စားလှယ်များက ရို-က်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဆောင်းရာသီမုန်တိုင်း ဒေဗင်ကြောင့် ဂျက်ဘလူးအနေဖြင့် ဒီနေ့နဲ့ မနက်ဖြန်အတွက် ခရီးစဉ်ပေါင်း ၃၅၀ ခန့် ဖျ-က်သိမ်းထားပါတယ်။ အဓိကအားဖြင့် ဂျက်ဘလူးရဲ့ လုပ်ငန်းလည်ပတ်မှု အများဆုံးရှိတဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပါတယ်” ဟု ဂျက်ဘလူး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဒယ်တာလေကြောင်းလိုင်းနှင့် ရီပတ်ပလစ်လေကြောင်းလိုင်းတို့ကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးကြောင်းသိရသည်။
Ref: မိုင်နျူးစ်
