မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မုဒုံမြို့နယ်တွင် စက်သုံးဆီများဖြန့်ဖြူးရောင်းချနေသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီစျေးနှုန်း အတတ်အကျပေါ်မူတည်၍ သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချရေး၊ စက်သုံးဆီများအား ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန်တို့အား စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား နေ့စဥ်ပုံမှန် ဖွင့်လှစ်ပေးလျက်ရှိပြီး ဒေသခံများအတွက် စက်သုံးဆီများပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရ အဖွဲ့မှလည်း လိုအပ်သည့်အကူအညီများကို ပူးပေါင်းကူညီပေးလျက်ရှိကြောင်း သိရသည်။
