တရုတ်နိုင်ငံသည် လျှပ်စစ်မီးပြတ်တောက်မှုကို ပြန်လည်ပြုပြင်ရန် ကြာမြင့်ချိန်ကို တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံအထိ လျှော့ချပေးနိုင်သည့် စမတ်လျှပ်စစ်ကွန်ရက်နည်းပညာကို တီထွင်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားသည်။ အဆိုပါတီထွင်မှုသည် ကမ္ဘာတစ်ဝန်း ဘေးကင်းပြီး တည်ငြိမ်သော လျှပ်စစ်ဖြန့်ဖြူးမှုအတွက် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ရသည်။
အဆိုပါ ကွန်ရက်ကာကွယ်ရေးနည်းပညာသည် လျှပ်စစ်ကွန်ရက် ချို့ယွင်းမှုများကို ၁၀၀ မီလီစက္ကန့် အတွင်း သီးခြားခွဲထုတ်ပြီး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း နေ့စဉ်သိပ္ပံနှင့် နည်းပညာသတင်းစာ၏ အင်္ဂါနေ့က သတင်းအရ သိရသည်။ ယခင်က ထိုသို့ပြုလုပ်ရန် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ယခုအခါ အဆိုပါနည်းပညာသည် အလွန်သေးငယ်သော လျှပ်စစ်စီးကြောင်းဆိုင်ရာ ချို့ယွင်းချက်များကိုပါ ဖော်ထုတ်နိုင်ကြောင်း သိရှိရပါသည်။
စွမ်းအင်၊ သံမဏိနှင့် ရထားပို့ဆောင်ရေးကဲ့သို့သော လုပ်ငန်းကဏ္ဍများတွင် အသုံးပြုနေပြီဖြစ်သည့် အဆိုပါနည်းပညာကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်ထားပြီးဖြစ်ကာ နိုင်ငံပေါင်း ၁၂ နိုင်ငံသို့လည်း ဖြန့်ချိပေးပြီးဖြစ်ပါသည်။ ၎င်းကို တရုတ်နိုင်ငံတော်လျှပ်စစ်ကော်ပိုရေးရှင်း၏ လက်အောက်ခံဖြစ်သော တရုတ်လျှပ်စစ်စွမ်းအားသုတေသနဌာနက တီထွင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံတော်ပိုင် လျှပ်စစ်ကွန်ရက်ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအတွက် ဉာဏ်ရည်တု (အေအိုင်)စနစ်ကို စတင်အသုံးပြုခဲ့ပြီး ၃ စက္ကန့်အတွင်း မီးပြန်လည်ပေးနိုင်ခဲ့ပါသည်။ ယခင်က ထိုသို့ပြုလုပ်ရန် ၆ နာရီမှ ၁၀ နာရီအထိ ကြာမြင့်ခဲ့ပေသည်။
မီးပြတ်တောက်ချိန်ကို ထပ်မံလျှော့ချနိုင်သည့် ယခုနောက်ဆုံး အောင်မြင်မှုကို တီယန်ကျင်းတက္ကသိုလ်၊ ရှန်းတုန်းတက္ကသိုလ်၊ ပေကျင်း လျှပ်စစ်ဓာတ်အား ကုမ္ပဏီ၊ နန်ကျင်းအခြေစိုက် လျှပ်စစ်ပစ္စည်းကုမ္ပဏီ အန်အာ လျှပ်စစ် နှင့် လျှပ်စစ်စနစ်ကာကွယ်ရေး ဝန်ဆောင်မှုပေးသည့် ပေကျင်းစီဖန် အလိုအလျောက်ထိန်းချုပ်ရေး ကုမ္ပဏီတို့မှ သုတေသီများသည် ဆယ်စုနှစ်တစ်ခုကြာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
၄င်းတို့အဖွဲ့၏ အဓိကအောင်မြင်မှုများတွင် လေနှင့်နေရောင်ခြည်ကဲ့သို့ အရင်းအမြစ်များမှ စွမ်းအင်ကို ထိန်းညှိပေးနိုင်သည့်စနစ်၊ ရှုပ်ထွေးသော ကွန်ရက်များအတွင်း လျှပ်စစ်ဓာတ်အားကို ချက်ချင်းလွှဲပြောင်းပေးနိုင်သည့် မြန်နှုန်းမြင့် ကာကွယ်ရေးနှင့် ပြန်လည်ကောင်းမွန်စေရေးနည်းပညာနှင့် ရှုပ်ထွေးသောချို့ယွင်းမှုများကို ရှာဖွေဖော်ထုတ်နိုင်မှုတို့ ပါဝင်သည်။
ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကွန်ရက်တည်ရှိရာ တရုတ်နိုင်ငံသည် အမေရိကန်ထက် နှစ်ဆကျော်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးလျက်ရှိပေသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းလျှပ်စစ်သုံးစွဲမှုသည် ကီလိုဝပ်နာရီ ၁၀ ထရီလျံကျော်လွန်မည်ဟု ခန့်မှန်းထားပြီး၎င်းသည် ၂၀၂၄ ခုနှစ်အတွင်း ဥရောပသမဂ္ဂ၊ ရုရှား၊ အိန္ဒိယနှင့် ဂျပန်တို့၏ စုစုပေါင်းသုံးစွဲမှုကို ကျော်လွန်ကာ ကမ္ဘာ့အများဆုံး လျှပ်စစ်သုံးစွဲသည့်နိုင်ငံ ဖြစ်လာမည်ဟု ရှင်းဟွာသတင်းဌာနက ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့ပါသည်။
Ref: ဆော့ချိုင်းနားမောနင်းပို့စ်
