စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအားအသိပညာပေးဆွေးနွေးပွဲ(၁/၂၀၂၃) အား ဇန်နဝါရီ ၂၅ ရက်(ယနေ့)နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ရုံးချုပ်၌ ပြုလုပ်ခဲ့သည်။
ယနေ့ ပြုလုပ်ခဲ့သည့် အသိပညာပေးဆွေးနွေးပွဲသည် မီးနီဖြတ်မောင်းသည့် YBS ယာဉ်မောင်းများအားတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“YBS ယာဉ်မောင်းတွေက စည်းကမ်းဖောက်ဖျက်ပြီး မီးနီကိုဖြတ်မောင်းတဲ့အခါ အခြားတဖက်ကလာတဲ့ မီးစိမ်းဖြတ်ပြီး လမ်းမှန်အတိုင်းသွားလာနေတဲ့ အပြစ်မဲ့ပြည်သူတွေ ယာဉ်ပေါ်ပါခရီးသွားတွေနဲ့ တိုက်နိုင်ချေအများဆုံးဖြစ်တဲ့ ဘယ်ဘက်ခြမ်းက ယာဉ်မောင်းတွေပါ သေကြေထိခိုက်နိုင်ပါတယ် YRTC က မီးနီဖြတ်မောင်းတာကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ပါဘူး”ဟု YRTC ၏ ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုကပြောသည်။
ထိုသို့ မီးနီဖြတ်မောင်းသည့် YBS ယာဥ်မောင်းများအား YRTC မှစောင့်ကြပ်အရေးယူရာတွင် နည်းပညာမြင့် CCTV record များဖြင့် အရေးယူလျက်ရှိကြောင်း သိရသည်။
“သက်သေအခိုင်အလုံနဲ့အရေးယူတာကြောင့် မီးနီကို ၃ ကြိမ်အထက်ဆိုးဆိုးရွားရွားချိုးဖောက်ပြီး ဖြတ်မောင်းတဲ့ YBS ယာဥ်မောင်းတွေကို ယာဥ်မောင်းအဖြစ်ကနေထုတ်ပယ်တဲ့အထိ ထိထိရောက်ရောက်အရေးယူသွားပါမယ်”ဟု YRTC ၏ ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုကပြောသည်။
YBS ယာဥ်များသည် မီးပွိုင့်၌ မီးဝါသည်နှင့်ယာဉ်များအား ရပ်တန့်ပေးရမည်ဖြစ်ကာ လောဘကြောင့် လုယက်မောင်းနှင်ခြင်း၊ ဒေါသကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးခြင်း၊ မောဟကြောင့် အမှား/အမှန်ကိုခွဲခြားမသိဘဲမောင်းနှင်ခြင်း တို့ဖြစ်ပေါ်ရခြင်းကို ပြီးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်များအပေါ်မှသင်ခန်းစာယူ၍ ခရီးသွားများအား စနစ်တကျပို့ဆောင်ပေးရမည်ဟု YRTC ၏ ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုက YBS ယာဥ်မောင်းများအား မှာကြားခဲ့သည်။
ထို့ပြင် YRTC ကော်မတီဝင်(၄) ဦးမောင်မြို့နှင့်စည်းကမ်းထိန်းသိမ်းရေးနှင့်စစ်ဆေးရေးဌာနမှူး ဦးဝင်းနိုင်တို့မှ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်းဆိုင်ရာလိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။