မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ကရိတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များ၌ ရေဝင်ရောက်နေ
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၌ သြဂုတ် ၉ ရက်ခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကော့ကရိတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ရေကတော့ လူကြီးပေါင်လယ်လောက်အထိရောက်တဲ့နေရာတွေရှိသလို ခြေသလုံးလောက်အထိရောက်တဲ့နေရာတွေလည်းရှိတယ် တစ်ချို့အိမ်တွေကခြေတံရှည်အိမ်ဆိုတော့ မသိသာပေမယ့် တစ်ချို့အိမ်လေးတွေကြတော့ အိမ်ထဲတွေအထိပါရေဝင်နေပြီ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
အလားတူ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြေပြိုကျမှုနှင့်နောင်ပြိုမှုများကြောင့် လမ်းပိတ်ဆို့ခြင်းများလည်းဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ကော့ကရိတ်က အာရှလမ်းမကြီးပေါ်မှာဆိုရင် ဒီနေ့မနက် တောင်ပြိုကျပြီး လမ်းပိတ်သွားတယ်ကြားတယ် ကျွန်တော်တို့ကလည်း ဒီဖက်ကရေဘေးဒုက္ခရောက်နေတဲ့လူတွေကိုကူညီပေးနေရတာဆိုတော့ သွားမကူညီပေးနိုင်သေးဘူး မိတ်ဖက်အသင်းတွေကတော့သွားကူညီပေးနေတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထို့ပြင် သောင်ရင်းမြစ်ရေမြင့်တက်လာသဖြင့် မြစ်ကမ်းဘေး၌ယာယီနေထိုင်နေရသည့် စစ်ဘေးရှောင်များမှာလည်း ရေဘေးလွတ်ကင်းသည့်နေရာများသို့ ထပ်မံပြောင်းရွှေ့နေထိုင်ရလျက်ရှိကြောင်း သိရသည်။
Photo-CJ