မိုးလွန်ကာလပြီးဆုံးပြီဖြစ်သည့်အတွက် တစ်နိုင်ငံလုံးတွင် အအေးပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ညအပူချိန်များ တဖြေးဖြေးကျဆင်းလာနေပြီဖြစ်သည်။
နိုဝင်ဘာလ တတိယ (၁၀) ရက်ပတ်အတွင်း အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေ အနေသို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ နိုဝင်ဘာလ တတိယ (၁၀) ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တို-က်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ရာသီဥတုသည် လာနီညာရာသီဥတုဖြစ်ပေါ် နိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြပြီး လာနီညာရာသီဥတု၏ သဘောသဘာဝမှာ အေးပြီးစွတ်စိုတတ်သကဲ့သို့ တခါတရံမိုးရွာခြင်းများလည်း ရှိတတ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးကို ဂရုပြုရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင်အချို့က သတိပေးထားကြသည်။
