ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ပါဆယ်ပစ္စည်းထုပ်အတွင်းမှ စိတ်ကြွဆေးပြားများ ဇူလိုင်လ ၂၄ ရက် ၊ မွန်းတည့်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီက မိုးညှင်းမြို့၊ မြိုမရပ်ကွက်ရှိ ကားဂိတ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ နိုင်အောင်(၄၀)နှစ်အား ရှာဖွေစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ ၎င်းထုတ်ယူလာသည့် ကြိမ်ခြင်းအတွင်းမှ ကျပ်သိန်း (၆၈၄) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၄၅၆၀၀) ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။