ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaignကို ဒီဇင်ဘာ ၁၃ ရက်က ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလှုံ့ဆော်မှု Campaign ကို နိုင်ငံတစ်ဝန်းလုံးဆောင်ရွက် လျက်ရှိသည်။
အဆိုပါအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ (ဌာနမှူးများ)၊ ကထိကများ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ၊ သန္ဓေမိသားစုများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၊ ရပ်ရွာ၊ ဒေသကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မည့်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရန် တာဝန်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့် အရေးလည်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ ပါတီနိုင်ငံရေးဆိုသည်ထက် နိုင်ငံ့အရေးဖြစ်ပါကြောင်း၊ နိုင်ငံအတွက် မဲပေးသင့်သည်၊ မဲပေးရမည်ဆိုသည်ကို အသိပညာပေးလိုသည့်အတွက် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့အသဲကြားက မဲတစ်ပြားကို မိမိနှစ်သက်ရာ အဖွဲ့အစည်းအား ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ထမ်းဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
