ယနေ့ ဧပြီ(၁၇)ရက်၌ ကျရောက်သည့် နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှုတ်ခွန်းဆက်မင်္ဂလာစကားအတွင်း ထို့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
” နှစ်သစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ ယုံကြည်ချက်တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်” ဆိုသည်။
ထို့အပြင် ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေရန် ဥပဒေနှင့်အညီထိန်းသိမ်းတည့်မတ်ပေးနေသကဲ့သို့ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက်လည်း ခိုင်မာသည့် ရည်မှန်းချက်ထားကြိုးပမ်း ဆောင်ရွက်နေကြောင်း ဆိုသည်။
အလားတူ နိုင်ငံ၏ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့နေမည့် ထာဝရငြိမ်းချမ်းရေးရရှိရေးကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားသည်။
နစက ဥက္ကဌ၏ ယနေ့ နှစ်သစ်ကူးမိန့်ခွန်းအတွင်း နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘဝတိုးတက် ကောင်းမွန်စေရန်အတွက် လိုအပ်သည့် အရင်းအမြစ်များ၊စီမံခန့်ခွဲမှုများ၊ နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်သွားမည်ဖြစ်သလိုနိုင်ငံတော်၏ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတိုးတက်လာစေရန်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အထူးသဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် နိုင်ငံအတွက်အရေးကြီးကြောင်း၊ မိမိအနေဖြင့် အထူးမေတ္တာရပ်ခံလိုသည်မှာ လာမည့်ပညာသင်နှစ်အတွင်း ကျောင်းနေအရွယ်က-လေ-းတိုင်းပညာသင်ကြားနိုင်ရေး နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ တစ်ဆက်တည်းမှာပဲ နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန်အတွက်လည်း ကုန်ထုတ်လုပ်မှု နယ်ပယ်အားလုံး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့အပြင် ပိတ်ဆို့တားဆီးမှုအပါအဝင် အခက်အခဲအချို့သာမရှိခဲ့ပါက နိုင်ငံ့စီးပွားသည် ဒီထက်မက များစွာတိုးတက်နေမည်ဟု မိမိယုံကြည်ကြောင်း၊အလားတူ တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းအရှည်မမျှော်တွေးသည့် လိုအင်ဆန္ဒတွေ၊ ဘေးပယောဂများ၏သွေးထိုးလှုံ့ဆော်မှုများကြောင့် အချို့သော ကိုယ်ကျိုးအတ္တလွန်ကဲသူများအနေဖြင့် ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းဒုက္ခတွင်းထဲရောက်အောင်တွန်းပို့ခဲ့သည်ကို တွေ့ကြုံခဲ့ရပြီးဖြစ်ခြင်းကြောင့် အရှည်ကိုမျှော်တွေးပြီးဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်းနှင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင်သပ်လျှိုသွေးခွဲနေသည်များကို မိမိတို့အားလုံးသွေးစည်းညီညွတ်မှုနဲ့တုန့်ပြန်ပြသဖို့ လိုကြောင်း ပြောကြားသည်။
ယင်းအတွက် မိမိတို့အားလုံးနှစ်ဟောင်းတွင် တွေ့ကြုံခဲ့ရသည်ဖြစ်ရပ်များကို သုံးသပ်ပြီး လာမယ့်နှစ်သစ်၌ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းပြီးနိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း၌ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစား ဆောင်ရွက်ပေးကြရန် တိုက်တွန်းစကားဆိုထားသည်။