ရန်ကုန်တိုင်းနှင့်နေပြည်တော်တို့တွင် မိန်းကလေးငယ် ၄ ဦးအား ငွေကြေးအကျိုးအမြတ်ရယူ၍ တရားမဝင်အလုပ်များစေခိုင်းခဲ့သူများအား ပျဥ်းမနားခရိုင်တရားရုံးနှင့်အင်းစိန်ခရိုင်တရားရုံးတို့က လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ပျဉ်းမနားမြို့နေ ခိုင်သဇင်(ခ)လ ရောင်ချိုနှင့်ပန်းလေပြေလှိုင်(ခ)ဘေဘီတို့သည် ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်နေ အသက် ၂၀ အရွယ် မိန်းကလေး ၃ ဦးအား နေပြည်တော်ရှိ စင်တင်တေးဂီတဆိုင်တွင် အလုပ်ရမည်ဟု စည်းရုံးပြောဆိုခဲ့သည်။
ထို့နောက် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့၍ ရွာကောက်နယ်မြေရဲစခန်းက (ပ)၁၃၂ /၂၀၂၂၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့်အမှုဖွင့်ကာ ပျဉ်းမနားခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။
ထို့ကြောင့် ဒီဇင်ဘာ ၂၉ ရက်တွင် ပျဥ်းမနားခရိုင်တရားရုံးက ခိုင်သဇင်(ခ)လရောင်ချိုနှင့်ပန်းလေ ပြေလှိုင်(ခ)ဘေဘီတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်နေ မြမြစိုးသည် ဧရာဝတီတိုင်း၊ကျုံပျော်မြို့နေ အသက် (၁၅)နှစ်အရွယ်ရှိ မိန်းကလေးငယ်အား တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တစ်နှစ် ပေါင်းသင်းလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရမည်ဟု စည်းရုံးပြောဆိုခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံသို့ခေါ်ဆောင်ကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုး အမြတ်အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းက (ပ)၄၀၉၈/၂၀၂၀၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်၍ အင်းစိန်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။
ထို့ကြောင့် အင်းစိန်ခရိုင်တရားရုံးက ဒီဇင်ဘာ ၂၉ ရက်တွင် မြမြစိုးအား လူကုန်ကူးမှုတားဆီး ကာ ကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင် ဒဏ် ၁၀ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။