နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊မာရဝိဇယ ဗုဒ္ဓဥယျာဥ်တော်အတွင်း၌ တည်ထားလျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်း(၁/၂/၃)အား ဇန်နဝါရီ ၂၆ ရက်(ယနေ့) နံနက်ပိုင်းတွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား ကျင်းပခဲ့သည်။ဤဘုရားတည်ထားမှုတွင် ယခုအပိုင်းလုပ်ဆောင်မှုသည်အရေးကြီးသည့်အပိုင်းတစ်ခုဖြစ်သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊သီတဂူဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။
ထို့အတူ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများနှင့်ဧည့်ပရိသတ်များလည်း တက်ရောက်ကြည်ညိုကာ ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူခဲ့ကြသည်။
ထို့နောက် ဦးဆောင် ဒါယိကာ နစက ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရတနာပလ္လင်တော် အထောက်အကူပြုသံမဏိစင်၊ဆင်းတုတော်ထည့်သွင်းထားသည့် သံမဏိ ပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်း ၄ ခုအား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ မင်္ဂလာအချိန်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့်ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ အလေးချိန်မှာ ၁၇၀၀ တန်ဖြစ်ကြောင်း သိရသည်။
ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌမှ ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ခြင်း၊ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများထည့်သွင်းတည်ဆောက်ခြင်း၊ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ ကြွရောက်တော်မူလာကြသည့် ဗန်းမော်ဆရာတော်ဘုရားကြီး၊သီတဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်၊သံဃာတော်များအား ရှင်းလင်းလျှောက်ထား၍ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် ဗဟိုမဏ္ဍိုင်ဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား ဇန်နဝါရီ ၂၇ ရက်(မနက်ဖြန်)နံနက် ၈ နာရီ၌ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။





















