မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်ရေပန်းရင်ပြင်တော်၌ ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်အဖြစ် ရက္ကန်းစင်တော် (၁၅) ခုဖြင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲအား ယနေ့ နိုဝင်ဘာ ၃ ရက်ကကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရက္ကန်းစင်တော် (၁၅) ခုမှ မသိုးရွှေကြာသင်္ကန်းတော်များကိုစတင်ရက်လုပ်ရာ တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကို တစ်ပြိုင်နက်လွှတ်တင်ခဲ့ကြပြီး ယာယီသမ္မတနှင့် ဇနီးတို့မှ မသိုးရွှေကြာသင်္ကန်းရက်လုပ်နေမှုများကို ရက္ကန်းစင်တော်တစ်ခုချင်းစီအလိုက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာယီသမ္မတနှင့် ဇနီးတို့သည် ညမီးကြီးမီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများလွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်လာရောက်သည့် ဘုရားဖူးလာသူများနှင့်အတူကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
