နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော်၌ ၂၀၂၅ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးအမှူးပြုသည့် ပင့်သံဃာတော်များနှင့် မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးတော်မူကြသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။
မာရဝိဇယကျောင်းတော် ပဓာနနာယကဆရာတော်ထံမှ ယာယီသမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များကိုရွတ်ပွားချီးမြှင့်တော်မူခဲ့ကြပြီးနောက် ယာယီသမ္မတနှင့်ဇနီးတို့မှ ကထိန်အလှူခံကျောင်းဖြစ်သည့် မာရဝိဇယ ကျောင်းတော်ကျောင်းထိုင်ဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာကြားပြီး မာရဝိဇယ ကျောင်းထိုင်ဆရာတော်ကြီးထံမှ ရေစက်သွန်းတရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် (၁၂) ပင် တန်ဖိုးငွေကျပ် (၂၅,၁၆၇,၆၀၀) နှင့် လှူဒါန်းငွေကျပ် (၂၈,၃၃၃,၄၀၀) ဖြစ်ရာ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေကျပ် (၅၃,၅၀၁,၀၀၀) အားလှူဒါန်းခဲ့ကြကြောင်း သိရသည်။
