မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာတောင်ရပ်ကွက်တွင် ဇန်နဝါရီ ၂၅ ရက်ညပိုင်းက လက်လုပ်အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းနေ့ည ၉ နာရီခွဲကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၃၈ လမ်း၊ ၇၈ လမ်းထောင့်အရောက် လက်လုပ်အသံမိုင်းဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးရာ လက်လုပ်အသံမိုင်းသည် ၃၈ လမ်းမဘေးရှိ လူသွားပလက်ဖောင်းအနီး၌ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိခဲ့ရသည်။
“အသံမိုင်းပေါက်ကွဲတာပါ လက်လုပ်အသံမိုင်းအပိုင်းအစတွေ သိမ်းဆည်းရမိခဲ့ပါတယ် ပျက်စီးမှုအနေနဲ့ဆိုရင် အုတ်တံတိုင်းမှာချိတ်ထားတဲ့ အလှကြည့်မှန်တစ်ချက်ကွဲသွားတယ် ဒါပဲရှိပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
