ကွာလာလမ်ပူ၊ဒီဇင်ဘာ ၂၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မလေးရှားနိုင်ငံရှိမြို့များသည် ရွှံ့ရေများဖြင့်နစ်မြုပ်နေခဲ့ကာ လူပေါင်း ၇၂,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။
ယခုတစ်ပတ်အတွင်း ပြည်နယ်ငါးခု၌ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူနှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး နေအိမ်စွန့်ခွာရှောင်တိမ်းရသူအရေအတွက်တိုးလာသဖြင့် အာဏာပိုင်များက ရာနှင့်ချီသောကယ်ဆယ်ရေးစခန်းများကို ပြုလုပ်ခဲ့ရကြောင်းလည်းသိရှိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရကြောင်း ဆိုရှယ်မီဒီယာမှဗီဒီယိုများအရသိရှိရသည်။အောက်တိုဘာလမှ မတ်လအထိကာလသည် မုတ်သုံရာသီဖြစ်သဖြင့် နောက်ထပ်ရေကြီးရေလျှံမှုများထပ်ဖြစ်လာနိုင်သည်ဟုလည်း ဆည်မြောင်းဝန်ကြီးဌာနကသတိပေးထားပြီး ဖြစ်နိုင်လျှင်နေအိမ်မှခေတ္တရှောင်တိမ်းစေလိုကြောင်းလည်း အာဏာပိုင်များက ဒေသခံများအားသတိပေးပြောကြားထားသည်။
မလေးရှားနိုင်ငံမီးသတ်နှင့် ကယ်ဆယ်ရေးဌာနကလည်း ၎င်းတို့အနေဖြင့် စေတနာ့ဝန်ထမ်း၊မီးသတ်တပ်ဖွဲ့များ၊အရန်မီးသတ်များနှင့် အရာရှိများအပါအဝင် အဖွဲ့ဝင် ၁၈,၀၅၃ ဦးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းပြောကြားခဲ့သည်။
Source : CNA

