ဧပြီလ ၈ ရက်
မလေးရှားနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဒိုင်မ် ဇိုင်နူဒ်ဒင် ၏ သားနှစ်ဦးသည် ၎င်းတို့မိသားစု၏ ကြွယ်ဝချမ်းသာမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ထပ်ခါတလဲလဲ ဆင့်ခေါ်မှုကို လာရောက်ခြင်း မရှိသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအရာရှိများ၏ လျှောက်ထားမှုကို တရားရုံးက လက်ခံပြီး ဖမ်းဝရမ်း ထုတ်ပေးလိုက်ကြောင်း သိရသည်။
ဒိုင်မ်နှင့် ၎င်း၏ မိသားစုသည် နိုင်ငံ၏ ထိပ်သီးလူကုံထံများ၏ အာဏာအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုဆိုင်ရာ နှစ်ရှည်လများ စုံစမ်းစစ်ဆေးမှုများ၏ ဗဟိုချက်တွင် ရှိနေသူများ ဖြစ်သည်။ ဝေဖန်သူများက ၎င်းတို့ကို ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်နှင့် ပူးပေါင်းကာ ကိုယ်ကျိုးစီးပွား ရှာဖွေခဲ့ကြသူများအဖြစ် စွပ်စွဲထားကြသည်။
ဒိုင်မ်၊ မဟာသီယာနှင့် ၎င်းတို့၏ မိသားစုများကမူ မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားကြသည်။ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (MACC) က ပြောကြားရာတွင် ပူထရာဂျာယားရှိ ၎င်းတို့၏ ရုံးချုပ်သို့ လာရောက်စစ်ဆေးခံရန် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် အကြောင်းကြားစာ သုံးစောင်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက် အသက် ၂၉ နှစ်အရွယ် မုဟမ္မဒ် အာမင် ဇိုင်နူဒ်ဒင် နှင့် ၂၆ နှစ်အရွယ် မုဟမ္မဒ် အာမီးရ် ဇိုင်နူဒ်ဒင် တို့ကို ဖမ်းဆီးရန် တရားရုံးက အင်္ဂါနေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ဒိုင်မ်၏ လုပ်ဖော်ကိုင်ဖက်ဟု ယူဆရသူ ဂျိုးဇဖင်း ပရီမလာ စီဝါရက်နမ် ကိုလည်း အလားတူ စွဲချက်များဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။
သို့သော်လည်း အဆိုပါ သုံးဦး၏ ရှေ့နေများက အထက်တရားရုံး တွင် အယူခံဝင်နိုင်ရန်အတွက် တရားရုံးက ဖမ်းဝရမ်းများကို ယာယီဆိုင်းငံ့ထားပေးခဲ့သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
