မလေးရှားနိုင်ငံရှိ အဝေးပြေးလမ်းတံတားပေါ်မှခုန်ချ၍ သေဆုံးခဲ့သည့် ချင်းလူမျိုးမိသားစုဝင် ၃ ဦးအား ယနေ့သဂြိုလ်
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ကပုန်းမြို့နယ်ရှိ MRR2 အဝေးပြေးလမ်း၏ တံတားပေါ်မှ သြဂုတ် ၂ ရက်ကခုန်ချ၍ သေကြောင်းကြံစည်ခဲ့သည့် မြန်မာနိုင်ငံသား ချင်းလူမျိုးမိသားစုဝင် ၃ ဦးအား သြဂုတ် ၄ ရက်(ယနေ့)တွင် သဂြိုလ်ခဲ့သည်ဟု မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။
ရုပ်အလောင်းများအား ဒေသဆိုင်ရာချင်းအမျိုး သားများကွန်မြူနတီအဖွဲ့အစည်းစုံ မိသားစုများနှင့်ပူးပေါင်း၍ နေ့လည် ၁ နာရီခွဲ၌ စလန်းကောပြည်နယ်၊စမုံ့ညှင်းမြို့ရှိ ခရစ်ယာန်သင်္ချိုင်းတွင်ဆုတောင်းပွဲပြုလုပ်၍ သဂြိုလ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ချင်းလူမျိုးမိသားစုဝင်များသည် ကွာလာလမ်ပူမြို့၊ကပုန်းမြို့နယ်၌နေထိုင်သည့် ချင်း ပြည်နယ်၊မတူပီမြို့၊ Meisakatla ကျေးရွာတွင်ဇာတိဖြစ်ကာ Mara လူမျိုးစုဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေ့က ဖခင်ဖြစ်သူနှင့်ကလေးငယ် ၃ ဦးသည် လမ်းလျှောက်လာပြီးနောက် MRR2 အဝေးပြေးလမ်းမကြီး၏ အမြင့်ပေ ၂၀ ခန့်ရှိသည့် တံတားပေါ်အရောက်တွင်ဘဖခင်ဖြစ်သူမှကလေးများအားတံတားပေါ်မှပစ်ချပြီးနောက် ၎င်းပါခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖခင်ဖြစ်သူ Cholei (၃၈)နှစ်၊ သမီးဖြစ်သူ Vatetisoh(၈)နှစ်နှင့်သားဖြစ်သူ Vabiechose (၆)နှစ်တို့မှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး (၃)နှစ်အရွယ်သားဖြစ်သူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆာလာရမ်းဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသည်။
အဆိုပါ ကလေးငယ်၏ ဆေးကုသမှုကုန်ကျစ ရိတ်များနှင့်လိုအပ်သည့်နေရာများ၌ အသုံးပြုရန် သြဂုတ် ၃ ရက်ညပိုင်းအထိ ရရှးသောလှူဒါန်းငွေ မလေးရှားရင်းဂစ် ၅၆၅၀ အား မြန်မာလူမှူကူညီရေးအသင်း(မလေးရှား)မှ မိခင်ဖြစ်သူထံသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။