မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ စတိုးဆိုင်တစ်ဆိုင်၌ အောက်တိုဘာလအတွင်းက မြန်မာ နိုင်ငံသားတစ်ဦးအလုပ်လုပ်နေစဥ် အမြင့်မှပြုတ်ကျ၍ ဦးနှောက်သွေးခဲကာ ကိုယ်တစ်ခြမ်းလေ ဖြတ်သွားသဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
အမြင့်မှပြုတ်ကျခဲ့သည့် မြန်မာနိုင်ငံသားသည် ကိုဌေးအောင်(၃၇)နှစ်ဖြစ်ကာ လက်ရှိအချိန်၌ Hospital Serdang ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။
ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ကိုဌေးအောင်အား အောက်တိုဘာ ၁၂ ရက်တွင် Hospital Kuala Lumpur ဆေးရုံကြီးသို့ပို့ဆောင်၍ ဆေးကုသမှုခံ ယူစေခဲ့သော်လည်း အမြင့်မှပြုတ်ကျသည့်အရှိန်ကြောင့် ဦးနှောက်သွေးခဲကာ ခန္ဓာကိုယ်ညာဘက်ခြမ်းလေဖြတ်သွားခဲ့သဖြင့် ဆေးရုံပြောင်းရွှေ့ကုသခဲ့ရခြင်းဖြစ်သည်။
Hospital Serdang ဆေးရုံကြီး၌ ဦးနှောက်သွေးခဲနေမှုအား ခွဲစိတ်ကုသမှုများပြုလုပ်ရမည်ဖြစ်ကာ ခွဲစိတ်ကုသစရိတ် ရင်းဂစ် ၂၀၀၀၀ ခန့်ကုန်ကျမည်ဖြစ်၍ ကုသမှုခံယူနိုင်ရန် ငွေကြေးအခက် အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
ကိုဌေးအောင်၏ ဇနီးဖြစ်သူနှင့်အသက်(၂)နှစ်ကျော်အရွယ်ရှိ သမီးဖြစ်သူတို့မှာ မကွေးတိုင်း၊အောင်လံမြို့၌ နေထိုင်လျက်ရှိကြောင်း သိရသည်။
