မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ ခရိုင်ငါးခုတွင် လုံခြုံရေးအဖွဲ့ဝင်များ၏ ဆက်တို-က်စီးနင်းမှုများအတွင်း နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား (၃၀၀) ကျော်သည် ဖမ်းဆီးရခံခဲ့ရကြောင်း သိရသည်။
Johor Baru၊ Muar၊ Segamat၊ Mersing နှင့် Batu Pahat တို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ပစ်မှတ်ထားသည့် စီမံချက်အတွင်း သံသယရှိသူများကို ဖမ်းဆီးခဲ့သည်ဟု ဂျိုဟိုး လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဒါတွတ်မွတ်ရပ်စ်ဒီ မွတ်ဒါရပ်စ်က ပြောကြားခဲ့သည်။
“ဗုဒ္ဓဟူးနေ့ မနက် ၁၀နာရီခွဲခန့်က ရဲအင်အား (၁၂၀) ပါဝင်တဲ့ စီးနင်းမှုတွေကို ခရိုင်ငါးခုမှာ တပြိုင်နက်တည်း ဆောင်ရွက်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။
စီမံချက်အတွင်း စုစုပေါင်း နိုင်ငံခြားသား (၅၁၆) ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့ထဲမှ (၃၃၀) ကိုလူဝင်မှုကြီးကြပ်ရေးပြစ်မှုများဖြင့် ထိန်းသိမ်းခဲ့သည်ဟု ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် ၎င်းက ပြောကြားခဲ့သည်။
သံသယရှိသူများသည် အသက် ၂၀ မှ ၅၇ ကြားအရွယ်များဖြစ်ကြကာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ပါကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့မှဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် (၂၃၉) ဦး၊ အင်ဒိုနီးရှား (၆၅) ဦး၊ မြန်မာ (၂၄) ဦးနှင့် ပါကစ္စတန်နှင့် ဗီယက်နမ်တို့မှ တစ်ဦးစီပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဖမ်းခံရသူ အင်ဒိုနီးရှားနိုင်ငံသားများထဲမှ လေးဦးသည် အမျိုးသမီးများဖြစ်ပြီး ကျန်သူအားလုံးသည် အမျိုးသားများဖြစ်ကြသည်။
Johor Baru ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ မန်နေဂျာဖြစ်သော အသက် (၅၀) အရွယ် ဒေသခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိန်းသိမ်းထားသူအားလုံးကို ထပ်မံစစ်ဆေး အရေးယူရန်အတွက် Pekan Nenas လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထားရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Ref: သည်စတား