မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်အတွင်းရှိ မန္တလေး – မိုးကုတ်သွားကားလမ်းတွင် သြဂုတ် (၂၈) ရက် မွန်းလွဲပိုင်းက လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ (၂) နာရီခန့်က မန္တလေး-မိုးကုတ်သွားကားလမ်း၊ ရွှေပြည်ကျေးရွာနှင့် တရော်ပင် ကျေးရွာကြားတွင် လက်နက်ကိုင်အဖွဲ့ဝင်များ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ဖြတ်သန်းသွားလာနေသည့် လမ်းအသုံးပြုသူ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၂) ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
“အခင်းဖြစ်နေရာ အနီးတဝိုက်မှာ ထောင်ထားတဲ့မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေ ထပ်တွေ့ရတဲ့အတွက် လမ်းနှစ်ဖက်လုံးကို ယာယီပိတ်ပြီး ဖယ်ရှားရှင်းလင်းခဲ့ရတယ်။ အထိအခိုက်မရှိ ဖယ်ရှားနိုင်ခဲ့ပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၄) ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။