မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက် ရှိတည်းခိုခန်းတစ်ခုရှေ့တွင် ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းက လက်လုပ်မိုင်းပေါင်းကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ည ၈ နာရီခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်၊အကွက် (၅၀၁)၊ ၈၄ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၄(A) လမ်း ကြားရှိ တည်းခိုခန်းတစ်ခုရှေ့အရောက် လက် လုပ်မိုင်းဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
လက်လုပ်မိုင်းသည် တည်းခိုခန်းရှေ့၌ပေါက်ကွဲခဲ့ပြီး မျက်နှာချင်းဆိုင် နေအိမ်ရှေ့တွင်ထိုင်နေသည့် အသက်(၃၂)နှစ်အရွယ်ရှိ အမျိုးသမီးတွင် ယာမေးစေ့အောက် မိုင်းစထိမှန်(မစိုးရိမ်ရ)
နှင့် ၎င်း၏သားဖြစ်သူ အသက်(၉)လအရွယ်ရှိ ကလေးငယ်တွင် ဦးခေါင်းထိပ်မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သားအမိနှစ်ဦးအား အောင်မြေသာယာလူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပေးခဲ့ကြကြောင်း သိရသည်။
“သားအမိနှစ်ယောက်ဒဏ်ရာရတဲ့အပြင် တည်းခို ခန်းကောင်တာက ထိုင်ခုံ ၁ ခုံပျက်စီးတယ် Toyota BELTA ကားရဲ့ ညာဘက်နောက်ခန်း လေကာမှန်ကွဲသွားတယ် ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
အခင်းဖြစ်နေရာအနီးမှ လက်လုပ်မိုင်းအပိုင်းအစများ၊သံဘောစေ့များအား လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
