မန္တလေးမြို့၌နေထိုင်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအဆင်ပြေစေရေးအတွက် ထရန်စဖော်မာအသစ်များကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်ကွက်၊ ၁၁၅ လမ်းနှင့် ၇၄(အေ) လမ်းထောင့်၌ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံး၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်းနှင့် ၁၁၉ လမ်းဒေါင့်ရှိ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊၂၆ လမ်း နှင့် ၅၉ လမ်းထောင့်ရှိ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံးတို့ကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရပ်ကွက်၊ ရန်ကင်းတောင်မြောင်းဘောင်ရှိ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ kVA ထရန်စဖော်မာ(၁)လုံး၊ စည်သာယာရပ်၊ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ kVA ထရန်စဖော်မာ(၁)လုံးတို့ကိုလည်း တိုးချဲ့တည်ဆောက်လျက်ရှိကာ ထရန်စဖော်မာများကို ဆက် လက်တိုးချဲ့တည်ဆောက်မှုမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ထရန်စဖော်မာများတိုးချဲ့တပ်ဆင်တည်ဆောက်မှုကြောင့် ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ခြင်း၊ ဓာတ်အားဖြန့်ဖြူးမှုပိုမိုတည်ငြိမ်ကောင်းမွန်လာခြင်း၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းလာခြင်း ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေခြင်းအကျိုးကျေးဇူးများရရှိနိုင်ကာ ဌာနအတွက်လည်း ထရန်စဖော်မာ လောင်ကျွမ်းမှုလျော့နည်းလာခြင်း၊ Unit Losses လျော့နည်းလာခြင်းအကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
ယခင်တည်ဆောက်ဓာတ်အားဖြန့်ဖြူးပေးထားသည့် ထရန်စဖော်မာအချို့သည် ဝန်အားပြည့်ခြင်း၊ ဝန်အားကျော်လွန်ခြင်းများရှိလာသဖြင့် ၎င်းထရန်စဖော်မာများအား ဝန်အားလျှော့ချနိုင်ရန် ထရန်စဖော်မာအသစ်များကိုတိုးချဲ့တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
