အပူချိန်မြင့်မားမှုကြောင့် Heat Stroke (အပူရှပ်ခြင်း)ဖြစ် ပွားသည့် လူနာတစ်ဦး ဆေးခန်းသို့ ပို့ဆောင်စဉ် အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ညပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ကူညီပို့ဆောင်ပေးခဲ့သည့် “မဏီစလ”လူမှုကူညီရေးအသင်း (မန္တလေး)မှ သိရသည်။
ဧပြီ (၂၉) ရက်၊ ညပိုင်းက Heat Stroke ဖြစ်နေသော လူနာအား ဆေးခန်းပို့ဆောင်ပေးရန် မဏီစလ လူမှုကူညီရေးအသင်း (မန္တလေး) ရုံးသို့ လာရောက် အကူညီတောင်းခံချက်အရ အရေးပေါ် ကားဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာအရောက် အမျိုးသား လူနာ (၁)ဦးအား အရေးပေါ် ကယ်ဆယ်ပေးခဲ့ပါသော်လည်း ဆေးခန်းအရောက်တွင် အသက်ဆုံးရှုံးသွားခဲ့ပြီး မိသားစု သဘောဆန္ဒအရနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတွင် အပူချိန်မြင့်မားမှုကြောင့် နေ့စဉ်နီးပါး သတိ လစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေသည့်အတွက် အထူးဂရုစိုက်ကြပါရန် အသင်းမှ အသိပေးပြောဆိုထားသည်။
ရန်ကုန်၊ မန္တလေးအပါဝင် တိုင်းနှင့် ပြည်နယ်အချိုတွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကဲ့သို နာတာရှည် ရောဂါရှင်များအနေဖြင့် အပူဒဏ်ကို သတိထားရန် လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။