သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ မန္တလေးနည်းပညာတက္ကသိုလ်(MTU)နှင့်တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် (KUST) တို့ကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကိုမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအလားအလာနှင့်အခွင့်အလမ်းများမိတ် ဆက်ပွဲကို သြဂုတ် ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပခဲ့သည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ Director ဖြစ်သူ Mr. Zhang Zhonghua နှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒု-ဥက္ကဋ္ဌဦးဝင်းဇေယျာထွန်းတို့က အမှာစကားများပြောကြားခဲ့ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မန္တလေးနည်းပညာတက္ကသိုလ်အနေဖြင့်
“မဲခေါင်-လန်ချန်းဒေသတွင်း တက္ကသိုလ်များကြား သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်း” စီမံကိန်းအား ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မန္တလေးနည်းပညာတက္ကသိုလ်(MTU) နှင့်ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်(KUST) တို့ကြား သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး၊မဲခေါင်အသိုက်အဝန်းအတွင်း တစ်သက်တာသင်ယူလေ့လာမှုအား ကောင်းစေရေး၊သုတေသနနှင့်ကုန်ထုတ် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဦးဆောင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့အတူ ကျောင်းသား၊ကျောင်းသူများကြား မိတ်ဖက်ဖြစ်မှုနှင့်ဆက်သွယ်မှုကွန်ယက်တို့ တည်ထောင်ထားရန်၊နှစ်နိုင်ငံသိပ္ပံနှင့်နည်းပညာဆိုင်ရာ သင်ကြားသင်ယူမှု အတွေ့အကြုံများပံ့ပိုးပေးရန်၊ ပူးပေါင်းသုတေသနဆောင်ရွက်မှုများအား ဖွင့်လှစ်ပေးရန်နှင့်ကျောင်းသား၊ကျောင်းသူများ၏ ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာများအပေါ် စိတ်ပါဝင်စားမှုများကို မြှင့်တင်ပေးရန်တို့အား အကောင်အထည်ဖော်၍ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးနိုင်မည်ဖြစ်သည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230829_094046_709.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230829_094046_567.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230829_094047_373.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230829_094047_250.jpg)