မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့အားပစ်သတ်ခဲ့သူ ၈ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်
ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ရွှေနံ့သာကျေးရွာ ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်ထွန်းနှင့်ဇနီးဖြစ်သူဒေါ်ဟေမာလွင်တို့အား သေနတ်ဖြင့် မသေ မချင်းပစ်သတ်ခဲ့သူ ၈ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့အား သတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာမှ သြဂုတ် ၃ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဇေယျာဝင်း(၂၀)နှစ်၊ နိုင်အောင်ထွန်း(ခ)ဒဿ(၁၉)နှစ်၊ ရဲဇော်လင်း(ခ)စကိတ်(၂၂)နှစ်၊ တင်ကိုကို(၅၆)နှစ်၊ အောင်ကိုကို(၂၅)နှစ်၊ ခင်မြ(ခ)ခင်ဌေး(၅၅)နှစ်၊ တင်တင်မော်(၄၅)နှစ်၊ သင်းရနံ့လှိုင်(ခ)ဖြူဖွေး (၁၆)နှစ်တို့အား မှော်ဘီမြို့နယ်၊ရွှေမြယာ ကျေးရွာအုပ်စု၊(၁)ရပ်ကွက်ရှိ နှင်းဆီလမ်း၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ သြဂုတ် ၂ ရက်နံနက် ၈ နာရီတွင် ဦးဝင်းနိုင်ထွန်းနှင့်ဇနီးဖြစ်သူဒေါ်ဟေမာလွင် တို့ကလေးများကျောင်းပို့ချိန်တွင် ကားအားရီမုလက်လုပ်မိုင်းဖြင့်ဖောက်ခွဲ၍ ကားရပ်ချိန်တွင် ပစ္စတိုသေနတ်ဖြင့် ၅ ချက်စီပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိခဲ့ရသည်။
အလားတူ ကားနောက်ခန်း၌ ကလေး ၂ ဦးအားတွေ့ရှိရသဖြင့် ကားအတွင်း၌ ရီမုလက်လုပ်မိုင်းတစ်လုံးအားထား၍ ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း လုံခြုံရေးအဖွဲ့ဝင်များက ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်ရှိသူများအား ထပိမံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။