ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၄ ရက်(ယနေ့)နံနက်ပိုင်းက ဆီဘောက်ဆာကားနှင့်ဆိုင်ကယ်တိုက်မိခဲ့သည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့နံနက် ၇ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်ရှိ ကုန်းတလပေါင်မှတ်တိုင်အနီးတွင် ဆီဘောက်ဆာကားနှင့်ဆိုင်ကယ်တိုက်မိခဲ့သဖြင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဥ်ကြောင့် ဆိုင်ကယ်နောက်တွင်ထိုင်၍လိုက်လာသည့်အမျိုးသမီးမှာ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းလာသည့်အမျိုးသားတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“တိုက်မိတဲ့အရှိန် ဆိုင်ကယ်နောက်မှာထိုင်လိုက်လာတဲ့အမျိုးသမီးက နောက်ကိုလန်ကျသွားတယ် နောက်စေ့နဲ့ကားလမ်းပေါ်ကျပြီး နောက်စေ့ပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးသွားတာပါ ဆိုင်ကယ်မောင်းတဲ့လူလည်း ဒဏ်ရာရတယ် စိုးရိမ်ရတာတော့မရှိပါဘူး”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်၌ သေဆုံးသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူတို့အား ပုလဲအရန်မီးသတ်စခန်းမှ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-Ko Htin Lin Aung


