၂၀၂၆ ခုနှစ်တွင် အပင်ပေါင်း နှစ်သိန်းကျော် စိုက်ပျိုးရန် လျာထား
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့စာရင်းများတွင် ပါဝင်ခဲ့ပြီး နှစ်စဉ်ပျှမ်းမျှမိုးရေချိန်မှာ လက်မ(၄၀)အောက်သာ ရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
ယမန်နေ့က မင်းဘူးမြို့ သို့ သွားရောက်ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို ဒေသခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၁၂၁ ဒဿမ ၈၇ သန်း စိုက်ပျိုးပေးခဲ့သည့်အပြင် မင်းဘူးခရိုင်တွင် ၂ ဒဿမ ၇၅ သန်းကျော် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်၌ အပင်ပေါင်း နှစ်သိန်းကျော် စိုက်ပျိုးနိုင်ရန်လည်း လျာထားဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် သစ်ပင်စိုက်ပွဲများ ဆောင်ရွက်ခြင်း၊သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း ၊သဘာဝတောများ ထိန်းသိမ်းခြင်း၊ကျေးရွာသုံးထင်းစိုက်ခင်းနှင့်တစ်ရွာ နှစ်ဧက ဘက်စုံသုံးစိုက်ခင်းတည်ထောင်ခြင်းတို့ကိုလည်း အလေးထားဆောင်ရွက်နေကြောင်း သိရသည်။
