အနုပညာလောကမှာ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေကို အစဉ်အမြဲပေးဆပ်နေသူက တော့ သရုပ်ဆောင်နေမျိုးအောင်ပါ။ ဖခင်ဖြစ်သူက အနုပညာလမ်း ကြောင်းမှာ လျှောက်လှမ်းနေသလို သားဖြစ်သူကလည်း ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး အနုပညာအလုပ်ကို စတင်လုပ်ကိုင်နေပါပြီ။ သားဖြစ်သူ့ရဲ့အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို နေမျိုးအောင်က . . .
“သားက အခုရုပ်ရှင်ကားကြီး ရိုက်ထားတယ်။ ဘယ်တော့ရုံတင်မလဲတော့ မသိသေး ဘူး။ ငါးကားရိုက်ဖို့ စာချုပ်နဲ့ လုပ်ထားတာ အခုတစ်ကားတော့ ပြီးသွားပြီ။ ကျန်တဲ့ကားက ဘယ်တော့ ထပ်ရိုက်မလဲတော့ မသိသေးဘူး။ အခုလောလောဆယ် အစ်ကိုနဲ့ သူဗီဒီယိုလေးတွေ တွဲရိုက်ဖို့ရှိတယ်။ ဗီဒီယို ကားလေးတွေ သုံးကား၊ လေးကားလောက်တွဲပြီးတော့ ရိုက်ဖို့ရှိတယ်။ အနုပညာ သမားတစ်ယောက်ရဲ့သားသမီးက အနုပညာကို ဝါသနာပါတော့ ဖခင်တစ်ယောက်အနေနဲ့ ဝမ်း သာပီတိ ဖြစ်ရတယ်။ ဒါပေမဲ့ အစ်ကိုပြောနေကျအတိုင်း မင်းသားရဲ့သားမို့လို့ မင်း သားဖြစ်ဖို့ဆိုတာကတော့ ကိုယ်ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ အစ်ကိုလည်း အောက်ခြေကနေ ကြိုးစားပြီးတော့ တက်လာရတာ။ အစ်ကိုတို့ မိသားစုအသိုင်းအဝိုင်းမှာ အနုပညာသမားတစ်ယောက်မှမပါပါဘူး။ အစ်ကိုတစ်ယောက်တည်း ထူးထူးချွန်ချွန်နဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်နေတာ။ မင်း သားတစ်ယောက်ရဲ့သား မင်းသားဖြစ်ရမယ် ဆိုတာတော့ အစ်ကိုလက်သင့်မခံနိုင်ဘူး။ သူကြိုးစားမှသူဖြစ်မှာ”လို့ ပြောပြပါတယ်။ သားဖြစ်သူကို အနုပညာနဲ့ပတ်သက်ပြီး သင်ပေးဖြစ်တဲ့အကြောင်းတွေကိုလည်း နေမျိုးအောင်က အခုလိုမျိုးပြောပြခဲ့ပါသေးတယ် . . .
“သူက အခုမှအနုပညာအလုပ်ကို စလုပ်တာဆိုတော့ သူ့ရဲ့အနုပညာအလုပ်ကိုတော့ အခုသိပ်အားမရသေးဘူး။ ကိုယ်လည်းတက်နိုင်သမျှ အစ်ကို့ရဲ့ သားပေါ်မှာ ဇာတ်လမ်းရိုက်တဲ့အခါ သူသရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး Guide Line တွေ ပေးတယ်။ ဒါက ဒီလိုရှိ တယ်၊ ဒီလိုသရုပ်ဆောင်ရမယ်ဆိုပြီး ပြောပြတယ်။ ဒါပေမဲ့ ဒါကအစ်ကို့ရဲ့ အိုက်တင်ကို ယူဖို့တော့ မဟုတ်ဘူး။ အစ်ကိုကလည်း သူ့ကိုပြောပြတယ်။ ကိုယ့်အိုက်တင်နဲ့ ကိုယ်ကိုယ်လုပ်ရမယ်၊ ကိုယ့်အိုက်တင်နဲ့ကို ကိုယ်ထိုးဖောက်ရမယ်။ ဒါမှ အနုပညာလောကမှာ ကိုယ့်အတွက် လမ်းကြောင်းတစ်ခုကျန်မှာ”ဆိုပြီးပြောပြတယ်။
Star Awards ပြိုင်ပွဲရဲ့ Star Fairy တစ်ယောက်အဖြစ် အရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီးတော့လည်း . . .
“သူက သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပတဲ့ Star Awards ရဲ့Star Fairy မှာ သူဝင်ပြိုင်တာအစ်ကိုတောင် မသိဘူး။ အစ်ကိုက ခရီးသွားနေတာ။ သူတို့က Online ပေါ်ကနေ လူခေါ်တယ်။ သူ့ဘာသာသူ သွားလျှောက်တယ်။ သူ့ဘာ သာသူ ဓာတ်ပုံတွေဘာတွေသွားရိုက်တယ်။ ဟိုဘက်က အင်တာဗျူးမှနေ့မှ အစ်ကိုက သိတာ။ သိတဲ့အချိန်မှာ အစ်ကိုက ဝမ်းသာတယ် ငါ့သားလို့၊ ဒီလိုပဲ ဖြစ်ရမယ်။ အဖေရဲ့ အရှိန်အဝါတစ်ခုနဲ့ အားကိုးတဲ့အလုပ်ကို ဘယ်တော့မှ မဖြစ်စေနဲ့လို့။ အစ်ကိုသင်ပေး တယ်။ သားဆက်လုပ်၊ ဆက်လျှောက် လိုအပ်တာကို အဖေနောက်ကနေ ဖြည့်ဆည်းပေး မယ်လို့ သူ့ကိုပြောပြဖြစ်တယ် ” လို့ ပြောပြပါတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- အောင်ဇော်မင်း